အလယ်ခေတ်

အလယ်ခေတ်သည် ဥရောပသမိုင်းတွင် ပါဝင်သော အချိန်ကာလ တစ်ခုဖြစ်သည်။ အလယ်ခေတ်သည် အနောက် ရောမအင်ပါယာ ကျဆုံးချိန် အေဒီ ၄၇၆ ခုနှစ်ခန့်တွင် စတင်ခဲ့ပြီး ခရစ်စတိုဖာ ကိုလံဘတ် ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိခဲ့သည့် ၁၄၉၂ ခန့်တွင် ပြီးဆုံးခဲ့သည်။ အလယ်ခေတ်ဟု ခေါ်ဆိုရခြင်း အကြောင်းမှာ ထိုအချိန်ကာလသည် ရောမ နန်းစဉ် ပျက်သုံးခြင်းနှင့် ခေတ်သစ်ဥရောပ အစောပိုင်းကာလများ စတင်ခြင်းတို့၏ အလယ်တွင် ရှိသောကြောင့် ဖြစ်သည်။ အလယ်ခေတ်တွင် ပညာရေး မှေးမှိန်နေခြင်းကြောင့် မှောင်သောခေတ် (Dark Ages) ဟုလည်း ခေါ်ကြသည်။ ထို့ပြင် ခရစ်ယာန်ဘာသာ ထွန်းကားလာမှုကြောင့် သက်ဝင်ယုံကြည်မှု၏ ခေတ် (Age of Faith) ဟုလည်း ခေါ်ကြသည်။ အတိအကျ ပြောရလျှင် မှောင်သောခေတ် ဆိုသည်မှာ ရှာလမိန်း ထီနန်းမပြုခင် အချိန် အေဒီ ၄၇၆ မှ ၈၀၀ အတွင်း အလွန်စောသော ခေတ်ကာလများကို ခေါ်ဆိုခြင်း ဖြစ်သည်။

ဥရောပ တခွင်တွင် ရောမအင်ပါယာ ပျက်သုဉ်းပြီးနောက် ယဉ်ကျေးမှုမရှိသော မျိုးနွယ်စုတို့၏ ကျူးကျော်ဝင်ရောင်မှုကြောင့် မြို့များ မြို့တော်များနှင့် ၎င်းမြို့များအတွင်း နေထိုင်သူတို့ ပျက်စီးဆုံးပါးခဲ့ရသည်။ ဥရောပသည် ကစဉ့်ကလျား ဖြစ်နေပြီး ထိုနေရာတွင် နေထိုင်ရန် မကောင်းလှပေ။ ရောမတို့ အသုံးပြုခဲ့သော သိပ္ပံ၊ နည်းပညာနှင့် စာပေဆိုင်ရာ ဗဟုသုတ အများအပြားမှာ ဆုံးရှုံးခဲ့ရသည်။ မှောင်သောခေတ်ကာလတွင် လူတို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း၊ စစ်ပွဲများနှင့် ကပ်ဆိုက်မှုများ ပြည့်နှက် နေခဲ့သည်။ ထို့ကြောင့်လည်း အမှောင်ခေတ်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ထိုအချိန်ကာလမှာ နှစ် ၃၀၀ သာကြာမြင့်ခဲ့သည်။ ရှာလမိန်းကို အေဒီ ၈၀၀ ခုနှစ်တွင် ဘုရင်အဖြစ် တင်မြှောက်ခဲ့ပြီးနောက် သူသည် အုပ်ချုပ်မှု အမိန့်အာဏာ၊ ပညာရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးရေး တို့အတွက် ဆောင်ရွက်ခဲ့သည်။ ဥရောပသည် အစောပိုင်း ရာစုနှစ်များတွင် သူတို့ ဆုံးရှုံးခဲ့သော အရာများကို တဖြည်းဖြည်းချင်း ပြန်လည် ရရှိလာခဲ့သည်။

အလယ်ခေတ်တွင် အနောက် ရောမအင်ပါယာမှ ကျန်ရှိသော ဒေသများသည် အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟန်ဂေရီ၊ စပိန်၊ ပေါ်တူဂီ၊ ပိုလန် နှင့် ရုရှား အစရှိသည့် လွတ်လပ်သော နိုင်ငံများအဖြစ် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.