တွင်းနက်

တွင်းနက် (အင်္ဂလိပ်: Black Hole) ဆိုသည်မှာ အာကာသအတွင်း အဆန်းကြယ်ဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံးရာတွေထဲက တစ်ခုဖြစ်ပါသည်။ သူတို့သည် သိပ်သည်းဆ အလွန်များပြားသောအရာများ ဖြစ်ပါသည်။ အိုင်းစတိုင်း၏ နှိုင်းရသီအိုရီ (Relativity Theory) အရ သိပ်သည်းဆများလေ ဆွဲငင်အားပိုကြီးလေ ဖြစ်သည်။ ဒြပ်ဆွဲငင်အားအလွန်ကြီးမားသောကြောင့် စကြဝဠာထဲတွင် အမြန်ဆုံးဟုဆိုသော အလင်းတောင် ပြန်မထွက်နိုင်ပေ။[5] တွင်းနက်က ထွက်လာသည့် အလင်းမရှိသောကြောင့် တွင်းနက်ကိုလည်း ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပေ။ သို့သော် အနီးအနားမှာရှိသော ကြယ်တွေ၊ ဥက္ကာခဲတွေရဲ့ ဝိသေသလက္ခဏာတွေကတဆင့် တွင်းနက်ရဲ့ တည်ရှိမှုကို သိရှိနိုင်သည်။

တွင်းနက်များ၏ တည်ရှိမှုကို ၁၉၁၆ ခုနှစ်ကတည်းက အဲလ်ဘတ် အိုင်းစတိုင်းက သူ၏ ဂန္တဝင် ယေဘုယျနှိုင်းရသီအိုရီတွင် ခန့်မှန်းပြီးသားဖြစ်သည်။ တွင်းနက် (Black Hole) ဆိုသည့် အခေါ်အဝေါ်ကိုမူ ၁၉၆၇ ခုနှစ်တွင် အမေရိကန်နက္ခတာရာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သော ဂျွန်ဝီလာ(John Wheeler)က မှည့်ခေါ်ခဲ့ပြီး တွင်းနက်ကို ၁၉၇၁ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့သည်။

တွင်းနက်အကြောင်းကို ပြောမယ်ဆိုပါက ကြယ်များအကြောင်းကို အရင်သိဖို့လိုပါသည်။ ကြယ်များသေဆုံးသွားပြီဆိုလျင် နောက်ဖြစ်နိုင်ခြေ သုံးမျိုးရှိပါသည်။ ပထမတစ်ခုမှာ ကြယ်ဖြူပု ခေါ် White Dwaf ဖြစ်ပြီး နေ၏ ထုထည်ထက် ၁.၂ ဆ အောက်မှာရှိသော ကြယ်များသေဆုံးလျင် ဖြစ်ပေါ်လာပါသည်။ အက်တမ်တွေကို မယိုယွင်းစေတဲ့ ကွမ်တန်အားတွေနဲ့ ဆွဲငင်အားပြိုပျက်မှုရန်ကနေ ကာကွယ်ပြီးသား ဖြစ်နေသော ကြယ်လေးတွေကို ခေါ်ခြင်းဖြစ်ပါသည်။ အဲဒီ ၁.၂ဆ ဆိုတဲ့ ကန့်သတ်ချက်ကို ချန်ဒရေ့စ် ကန့်သတ်ချက် (Chandrasekhar Limit) ဟုခေါ်ပါသည်။

ဒုတိယတစ်ခုကတော့ နယူထရွန်ကြယ် (Neutron Star) ပါ။ နေရဲ့ Mass ထက် ၁.၂ နဲ့ ၃ ဆအကြားမှာရှိတဲ့ ကြယ်တွေသေရင် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အက်တမ်ရဲ့ နျူကလိယက်စ်တွေ မပြိုပျက်အောင် လုပ်ပေးထားတဲ့အားကြောင့် ဖြစ်ပေါ်လာရသည် ဆိုသော်လည်း အတိအကျမဆိုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သိပ်သည်းမှုအရမ်းများပြားလှတဲ့အချိန်မှာရှိတဲ့ နူကလိယအားတွေအကြောင်းကို ရေရေရာရာမသိရသေးတဲ့အတွက်ကြောင့်ဖြစ်ပါသည်။ နေရဲ့ Mass ထက် ၃ ဆနဲ့အထက်ရှိတဲ့ ကြယ်တွေ သေဆုံးရင်တော့ တွင်းနက်တွေဖြစ်သွားကြပါတယ်။ ဒီလိုကြယ်တွေဟာ စကြဝဠာထဲမှာ အများတည်ရှိနေတာကြောင့် တွင်းနက်တွေဟာလဲ အများကြီးရှိပြီးသားလို့ ဆိုနိုင်ပါသည်။

တွင်းနက်များကို အမျိုးအစား (၃)မျိုးခွဲခြားနိုင်ပါသည်။

  • စတယ်လာတွင်းနက် (Stellar Black Holes)
  • မဟာကြီးမားတွင်းနက် (Supermassive Black Holes)
  • အလယ်အလတ်တွင်းနက် (Intermediate Black Holes)

စတယ်လာတွင်းနက်

ကြယ်တစ်လုံးဟာ သူ့ရဲ့ လောင်စာတွေကုန်အောင် လောင်ကျွမ်းပြီးသွားပြီဆိုရင် သူ့အလိုလို ပြိုပျက်လာပါလိမ့်မယ့်။ ဒီလိုကြယ်တွေပြိုပျက်မှုဟာ အရွယ်အစားအားဖြင့် အရမ်းသေးပေမယ့် သိပ်သည်းဆမှာတော့ အရမ်းကြီးမားနေပြီး နေရဲ့ အလေးချိန်ထက် ၃ ဆလောက်ရှိတဲ့ ကြယ်တွေဟာ တွင်းနက်ဖြစ်သွားရင် သာမန်ရန်ကုန်မြို့ အရွယ်အစားလောက်ပဲ ရှိပါတော့သည်။ ဒါကြောင့် ဒီလို သိပ်သည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ ဆွဲငင်အားဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္တုတွေကို အသည်းအသန်ဆွဲယူပါတော့သည်။ သူတို့ဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဓာတ်ငွေ့တွေ၊ အာကာသာဖုန်မှုန်တွေကို ဝါးမြိုပြီး သူတို့ရဲ့ အရွယ်အစားဟာ တဖြည်း⁠ဖြည်းကြီးမားလာပါသည်။ ထိုကြောင့် စတယ်လာတွင်းနက်တွေဟာ သေးငယ်တယ်၊ ဒါပေမယ့် အန္တရာယ် အရမ်းရှိပါသည်။

မဟာကြီးမားတွင်းနက်

သေးငယ်သောတွင်းနက်တွေက စကြဝဠာအတွင်းမှာ အများအပြားရှိပြီး စိတ်ဝင်စရာ ကောင်းလှပါသည်။ ဒါပေမယ့် သူတို့ရဲ့ ဘိုးအေကြီးလိုဆိုနိုင်တဲ့ မဟာကြီးမားတွင်းနက်တွေကတော့ စကြဝဠာကြီးကို အုပ်စိုးကြပါသည်။ မဟာကြီးမားတွင်းနက်ကြီးတွေဟာ ဂလက်ဆီတို့ရဲ့ပင်မဖြစ်ကြပြီး ကျွန်တော်တို့ နေထက် အဆပေါင်း သန်းကုဋေကုဋာချီ လေးလံပြီးတော့ သာမာန်ကြယ်တစ်လုံးရဲ့ အရွယ်အစားလောက်သာရှိနေတက်ပါသည်။ ထိုကြောင့် သိပ်သည်းမှုဟာ အရမ်းကြီးမားပြီး ဂလက်ဆီတွေရဲ့ အလယ်ဗဟိုကို ဘယ်လိုကြည့်⁠ကြည့်မမြင်နိုင်ရခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗဟိုနဲ့နီးလေ ကြယ်တွေဟာ ပိုမိုသိပ်သည်းထူထပ်လာကာ နှမ်းဖြူးထားသလို သူတို့ရဲ့ တခြားတစ်ဖက်မှာရှိတဲ့ မြင်ကွင်းကိုပါ ဖုံးလွှမ်းသွားကြပါသည်။ နေအပါအဝင် ကြယ်တွေအားလုံး သူတို့ရဲ့ အသီးသီး ဂလက်ဆီရဲ့ဗဟိုကို လှည့်ပတ်နေကြပါသည်။ ဒါဟာ အဲဒီအလယ်ဗဟိုမှာ အရမ်းကို ဆွဲငင်အားကောင်းလှတဲ့ အရာတစ်ခုရှိတယ်လို့ ဆိုလိုခြင်း ဖြစ်ပါသည်။ မဟာကြီးမားတွင်းနက်ကြီးတွေဟာ အဲဒီအလယ်ဗဟိုမှာ တည်ရှိနေတယ်လို့ ခန့်မှန်းချက်ထုတ်ထားလျက်ရှိပါသည်။

မဟာကြီးမားတွင်းနက်တွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို သိပ္ပံပညာရှင်များ ယခုထက်တိုင်မသိရှိသေးပဲ ခန့်မှန်းချက်ကတော့ သေးငယ်တဲ့တွင်းနက်တွေ စုပေါင်းဖြစ်တည်မှုကတဆင့် ဖြစ်ပေါ်လာတယ်လို့ ယူဆလျက်ရှိပါသည်။ နောက်ထပ်ခန့်မှန်းချက်တစ်ခုကတော့ ဓာတ်ငွေ့တိမ်တိုက်တွေ တဖြည်းဖြည်း ပေါင်းစည်းမိလာတဲ့အခါမှာ ကြယ်အဆင့်ကိုကျော်ပြီး တွင်းနက်အဆင့်ကို တန်းရောက်သွားတာလဲ ဖြစ်နိုင်တယ်လို့ ဆိုပါသည်။ နောက်တစ်ချက်ကတော့ ကြယ်အချင်းချင်းတိုက်မိမှုမှ ဖြစ်လာတယ်လို့ဆိုကြသည်။

အလယ်အလတ်တွင်းနက်

သိပ္ပံပညာရှင်တွေက တွင်းနက်တွေဟာ အရွယ်အစားအရမ်းကြီးမားတဲ့ တွင်းနက်နဲ့ သေးငယ်တဲ့တွင်းနက် ဒီနှစ်မျိုးသာရှိနိုင်တယ်လို့ တစ်ချိန်တုန်းက တွက်ချက်ခဲ့ကြပေမယ့် မကြာသေးမိက ပြန်လည်တွက်ချက်မှုတွေအရ တွင်းနက်တွေဟာ အလယ်အလတ်အရွယ်အစားမှာလဲ ရှိနေနိုင်ပါသည်။ သူတို့ဟာ ကြယ်တွေ အစုအပြုံလိုက် ကွင်းဆက်တိုက်ခိုက်မှုတွေကတဆင့် ဖြစ်ပေါ်လာကြပါသည်။ ဒီအလယ်အလတ်တွင်းနက်တွေဟာ အနီးအနားမှာရှိနေမယ်ဆိုရင် သူတို့ဟာ ပေါင်းစပ်ပြီး ဂလက်ဆီရဲ့ အလယ်ဗဟိုကို ကျရောက်ကာ မဟာတွင်းနက်တွေ ထပ်ဖြစ်ပေါ်လာနိုင်ပါသည်။

တွင်းနက်တွေဟာ ဆွဲငင်အားအလွန်အားကောင်းသောကြောင့် အနီးအနားမှာရှိတဲ့အရာတွေအကုန် ဝါးမြိုခံရပြီး အလင်းတောင် ပြန်မထွက်နိုင်ဘူးဆိုသောကြောင့် တွင်းနက်ထဲသို့ ဝင်သွားသောအရာတွေကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ပါဘူး။ သူ့အနီးအနားမှာရှိတဲ့ ဝိသေသလက္ခဏာတွေကတဆင့် သူတို့တည်ရှိနေမှုကို ပြောဆိုနိုင်ပါသည်။ အာကာသဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့တွေဟာ အဲဒီဆွဲငင်အားပြင်းလှတဲ့ တွင်းနက်ထဲကို ဆက်တိုက်ကျရောက်နေပြီး တွင်းနက်အနားမှာရှိတဲ့ ဓာတ်ငွေ့တိမ်တိုက်တွေနဲ့ ကြယ်တွေရဲ့ ဖြာထွက်မှု (Radiation) တွေဟာ တွင်းနက်ရှိရာနေရာကိုသာ ဦးတည်နေပါသည်။

တွင်းနက်တစ်ခုကို အလွှာသုံးလွှာ ခွဲခြားလေ့လာနိုင်သည်။ 'အပြင်ဘက် မိုးကုတ်စက်ကွင်း'၊ အတွင်းဘက် မိုးကုတ်စက်ကွင်း'၊ 'အမှတ်ထူး(Singularity)' တို့ဖြစ်ပါသည်။

မိုးကုတ်စက်ကွင်း ဆိုတာကတော့ ပြင်ညီအပြား ပုံသဏ္ဌာန်ရှိမှာဖြစ်ပြီး တွင်းနက်ရဲ့ ဘေးတစ်ဝိုက်မှာ တည်ရှိသည်။ အလင်းဟာ လွတ်မြောက်နိုင်စွမ်း စတင်ဆုံးရှုံးတဲ့နေရာလည်း ဖြစ်သည်။ မိုးကုတ်စက်ကွင်း ချပ်ပြားလွှာတစ်လျှောက် ဆွဲငင်အားဟာ ပုံသေတစ်သတ်မှတ်ထဲ တည်ရှိသည်။ တွင်းနက်ရဲ့ အလယ်ဗဟို တည့်⁠တည့်မှာတော့ အမှတ်ထူး တည်ရှိပြီး ဟင်လင်းပြင်ကို အကွေးညွတ်ဆုံး ဖြစ်စေနိုင်တဲ့ နေရာလည်းဖြစ်သည်။ တွင်းနက်တစ်ခုလုံးရဲ့ အလေးချိန်အားလုံး စုပုံတည်ရှိနေသောနေရာလိုလည်း ဆိုနိုင်ပါသည်။

ယခင်တွက်ချက်မှုများအရ တွင်းနက်ထဲ ဝင်သမျှအရာအားလုံးဟာ ထာဝရပျောက်ဆုံးသွားတယ်လို့ဆိုပါသည်။ သို့သော် ယခုနောက်ပိုင်းမှာတော့ ကွန်တမ်မက္ကန်းနစ်တစ်ချို့ကို ညီမျှခြင်းထဲ ထည့်တွက်လိုက်တဲ့အခါမှာတော့ ကွန်တမ်မက္ကန်းနစ်အရ အမှုန်တိုင်းမှာ ဆန့်ကျင်ဘက်အမှုန်ဆိုတာရှိသည်ဟုဆိုခြင်းကြောင့် အမှုန်ဆန့်ကျင်ဘက် အမှုန်အတွဲဟာ တွင်းနက်ရဲ့ မိုးကုတ်စက်ဝိုင်းအတွင်းကို ကျရောက်မိပြီဆိုရင် တစ်ခုဟာ အထဲကို ဆွဲသွင်းဝါးမြိုခံရပေမယ့် အခြားတစ်ခုကတော့ တွန်းထုတ်ခံရနိုင်သည်။ ဒီနောက်ဆက်တွဲအဖြစ် တွင်းနက်ကို ကျုံ့စေပြီးတော့ ကြာလာရင် ယိုယွင်းသွားစေပါသည်။ ဒီဖြစ်ရပ်ကတော့ ရှေးရိုးမက္ကန်းနစ်နဲ့ အကျုံးမဝင်တဲ့ ဖြစ်ရပ်ဖြစ်ပါသည်။

ယခုအချိန်ထိ တွင်းနက်တွေ ဘယ်လိုပြုမှုဆောင်ရွက်ကြသည်ဆိုတာကို သိရန်အတွက် သိပ္ပံပညာရှင်များ ကြိုးစားလျက်ရှိတုန်းဖြစ်ပါသည်။

အခြားကြည့်ရန်

ကိုးကား

  1. Oldham, L. J. (March 2016). "Galaxy structure from multiple tracers - II. M87 from parsec to megaparsec scales". Monthly Notices of the Royal Astronomical Society 457 (1): 421–439. doi:10.1093/mnras/stv2982. Bibcode: 2016MNRAS.457..421O.
  2. Overbye၊ Dennis "Black Hole Picture Revealed for the First Time - Astronomers at last have captured an image of the darkest entities in the cosmos - Comments"၊ The New York Times၊ 10 April 2019 10 April 2019 တွင် ပြန်စစ်ပြီး
  3. The Event Horizon Telescope Collaboration (10 April 2019). "First M87 Event Horizon Telescope Results. I. The Shadow of the Supermassive Black Hole". The Astrophysical Journal Letters 87. Retrieved on 10 April 2019.
  4. Landau၊ Elizabeth။ "Black Hole Image Makes History"၊ NASA၊ 10 April 2019 10 April 2019 တွင် ပြန်စစ်ပြီး
  5. Wald 1984, pp. 299–300
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.